နန်းယွန်း သြဂုတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ယခင်က ကျောက်ခင်း မြို့ပတ်လမ်းအပေါ် အဆင့်မြှင့်တင်ခြင်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းပြီးစီး
မှုအခြေအနေတို့အား ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က မြို့နယ်အရည်အသွေး စိစစ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဘာမန်၊ ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်ကိုကို၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျိုင်း ဆက် တို့ ပါဝင်အဖွဲ့သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၆၁ ဒသမ ၂ ) သန်းဖြင့် သွင်ရတနာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် လမ်းအရှည်( ၅ )ဖာလုံ၊ အကျယ် ၁၈ ပေ၊
၉ လက်မထုရှိ မြို့ပတ်လမ်းအဆင့်မြှင့်တင်ခြင်း ကွန်ကရစ်ခင်း လုပ်ငန်းပြီးစီးမှုအခြေအနေနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် လုပ်ငန်းစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိခြင်းရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့ပတ်လမ်းအဆင့်မြှင့်တင်ခြင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းပြီးစီးပါက ရှရရပ်ကွက်မှ မြို့မရပ်ကွက်သို့ အလွယ်တကူ သွားလာနိုင်ပြီး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများနှင့် လုံခြုံရေးများကိုလည်း ယခင်ထက်ပိုမိုဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်း တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
ဟန်ကမ်း(ပြန်/ဆက်)