မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပခုက္ကူမြို့၌ ထန်းနှင့်သစ်အချောထည်စက်ရုံ ကြည့်ရှုပြီး ကုန်သည်ကြီးများနှင့်တွေ့ဆုံ

ပခုက္ကူ ဩဂုတ် ၂၀

 

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယနေ့ နံနက် ၈နာရီက ပခုက္ကူမြို့ စက်မှုဇုန် ၁လမ်းရှိ 3 Seasons Furniture ထန်း နှင့် သစ်အချော ထည်စက်ရုံသို့ သွားရောက်ကြည့်ရှုအားပေးသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင် နှင့်အဖွဲ့ဝင်များလိုက်ပါကြပြီး ပခုက္ကူမြို့၊ ထန်းနှင့်သစ်အချောထည်စက်ရုံလည်ပတ်မှုအခြေအနေအား သွားရောက် ကြည့်ရှုကြ ရာ စက်ရုံပိုင်ရှင် ဦးကျော်နိုင်သန်းက ထန်းသားနှင့်ပရိဘောဂပစ္စည်းများ၊အသုံးအဆောင်ပစ္စည်းများ တီထွင်ဖန်တီး လုပ်ဆောင် နေမှုနှင့် သစ်အချောထည်ပစ္စည်းများထုတ်လုပ်နေမှု၊ ပြည်တွင်းနှင့်ပြည်ပဈေးကွက်တင်ပို့နိုင်မှုနှင့်ဈေးကွက် အခြေ အနေတို့ကို ရှင်းလင်းတင်ပြရာ ဝန်ကြီးက လိုအပ်ချက်များကူညီပံ့ပိုးပေးနိုင်မည့်အခြေအနေနှင့် ဆက်လက်ကြိုးစား ဆောင်ရွက်ပေးရန် အကြံပြုဆွေးနွေးသည်။

ထို့နောက် စီးပွားရေးရာ ဝန်ကြီးဦးအောင်ချိန်သည် ပခုက္ကူမြို့၊စည်ပင်ဧည့်ရိပ်သာခန်းမ၌ ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အတွင်းရှိ  ကုန်သည်ပွဲစားများအသင်း ၊မွေးမြူရေးလုပ်ငန်း ရှင်များနှင့်တွေ့ဆုံကာ  ဒေသထွက်ကုန်ပစ္စည်းများ၏ ဈေးကွက် အခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှုအကြောင်းတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

ဇော်( အဝေးသင်)