ဂန့်ဂေါမြို့နယ် ကန်ကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေ (VRFP)စီမံကိန်းဖြင့် ချေးငွေထုတ်ချေး ပေးနိုင်ရန် ကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ကန်ကျေးရွာသို့ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းဖြင့် ချေးငွေထုတ်ချေးပေးနိုင်ရန် ဂန့်ဂေါမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာလူထုတို့သည် ယမန်နေ့ နံနက် ၉ နာရီက ကန်ကျေးရွာဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးကြသည်။

ဆွေးနွေးရာတွင် ဂန့်ဂေါခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဦးဝင်းအောင်က ဂန့်ဂေါမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ပြည်သူများဟာ လူမှုစီးပွား ထိခိုက်မှုဒဏ် ခံစားနေရပြီး တောင်သူများ၊ အသေးစားစီးပွားလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ငန်းကို ပြန်လည်စတင်နိုင်ရန်၊ ငွေကြေးအရင်းအနှီးများ လိုအပ်သည်များကို ပြန်လည်ကုစားနိုင်ရေးအတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (Village Revolving Fund Project- VRFP) စီမံကိန်းကို နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း စသည်တို့ကိုပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မာကြည်က ကျေးရွာမတည် ရန်ပုံငွေ(VRFP)စီမံကိန်းဖြင့် ငွေထုတ်ချေးရန် ကန့်ကွက်လိုသူ ရှိ/မရှိ တို့ကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဂန့်ဂေါမြို့နယ် ကန်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၃၈) ဦးအတွက် (၆၁၀၀၀၀၀) ကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ (၁၁၄) ဦးအတွက် (၁၇၁၀၀၀၀၀) ကျပ်၊ အရောင်းအဝယ်လုပ်ကိုင်သူ (၂၈) ဦး အတွက် (၄၃၅၀၀၀၀) ကျပ်နှင့် အသက်မွေးဝမ်းကျောင်း (၁၇) ဦး အတွက် (၂၄၅၀၀၀၀) ကျပ်နှင့် လူဦးရေ စုစုပေါင်း (၁၉၇) ဦးအတွက် ကျပ်သိန်း(၃၀၀) ကို ထုတ်ချေးပေးနိုင်ရန် စီစဉ်ထားကြောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဇော်မင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)