အိမ်မဲ သြဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်သို့ အောက်ဆီဂျင်ထုတ်စက် ယမန်နေ့ မွန်းလွဲပိုင်းက ရောက်ရှိကြောင်းသိရသည်။
အဆိုပါအောက်ဆီဂျင်ထုတ်စက်မှာ ဦအီရုံး+ဒေါ်စန်းစန်းမြင့် ပါမိသားစု (၆)စုမှ လှူဒါန်းခြင်းဖြစ်ပြီး အောက်ဆီဂျင် ထုတ်စက်ထားရှိရန် တည်ဆောက်ထားသော နေရာမှာ ကွန်တိန်နာကားဝင်နိုင်ရန်လမ်း၊ လုံလောက်သော လျှပ်စစ်ဓာတ်အားရရှိရေးနှင့် စက်ထားရှိရေး လုံခြုံမှု အဆင်သင့်မဖြစ်သေးသောကြောင့် ရောက်ရှိလာသည့် အောက်ဆီဂျင် ထုတ်စက်အား ရေတံခွန်သောက်ရေသန့်စက်ရုံဝန်း အတွင်း ယာယီထားရှိခဲ့ကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်ထားရှိမည့်နေရာ အဆောက်အဦ၊ ကွန်တိန်နာဝင်နိုင်ရန်လမ်းနှင့် အောက်ဆီဂျင်နှင့်ပတ်သက်သည့် ကိစ္စအဝဝဆောင် ရွက်နိုင်ရန်အတွက် အိမ်မဲမြို့နယ် မြို့မိမြို့ဖများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းပေးလျက်ရှိရာ ယနေ့အထိ သိန်းသုံးရာ့သုံးဆယ်ကျော်ရရှိပြီး အောက်ဆီဂျင်ထုတ်စက်ထားရှိနိုင်ရေးအတွက် မြို့နယ် အောက်ဆီဂျင် ဖြစ်မြောက်ရေး ကော်မတီမှကြိုးစားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အောက်ဆီဂျင်ထုတ်စက်သည် ယာယီထားရှိမည် အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာရှိ ရေတံခွန်သောက်ရေသန့်စက်ရုံသို့ ယမန်နေ့ မွန်းလွဲပိုင်းအချိန်ကရောက်ရှိလာခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်မိသားစုများက ကြိုဆိုနေရာ ချထားပြီး အောက်ဆီဂျင်ထုတ်စက် စတင်လည်ပတ်နိုင်ရေးအတွက် ရန်ကုန်မြို့မှ ကျွမ်းကျင် ပညာရှင် များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)