မြေပုံမြို့၌ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်း စစ်ဆေး

မြေပုံ  ဩဂုတ် ၁၇

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မြေပုံမြို့၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးနေသည့်ကာလ ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ်ရေး၊ ကုသရေးဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များကို ယနေ့နေ့လည် ၁၂ နာရီက ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှ  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သည်။

            ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ဦးစိန်လှမောင်၊ မြို့နယ်ရဲစခန်းမှူး၊ မြို့နယ်ကျန်းမာရေးမှူး၊စားသုံးသူရေးရာမြို့နယ်တာဝန်ခံ၊ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီရောင်းချရေး၊ ဈေးကွက်အတွင်း ဆေးပစ္စည်းနှင့်အထောက်အကူပစ္စည်းများ သတ်မှတ် အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေး၊ နေ့စဉ်ဖွင့်လှစ် ရောင်းချနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေး မှာကြားသည်။

            မြေပုံမြို့နယ်တွင် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၂၀)ဆိုင်ရှိပြီး မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးဆိုင်()ဆိုင်အား ကွင်းဆင်း စစ်ဆေးကာ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ဆေးဝါးများနှင့် အထောက်အကူပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများပြတ်လပ်မှု မရှိစေရေးအတွက် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေး အဖွဲ့မှ ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်လျက်ရှိကြောင်း  သိရသည်။

တင်ဝင်း