ရေး သြဂုတ် ၁၇
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဆေးနှင့်အခြေခံ စားသောက်ကုန်ပစ္စည်းများ စျေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိစေရေးနှင့် ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် မြို့ပေါ်ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်၊ မုန့်ဆိုင်များအားစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးဦးကိုကိုဦး၊ မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးကိုကိုနိုင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဝင်းမြင့်နိုင်၊ စာသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ ပူးပေါင်း၍ ကိုဗစ်ကာလအတွင်း ပြည်သူများအားစျေးနှုန်းမြှင့်တင် ရောင်းချခြင်း မပြုကြရန်၊ ဆေးဆိုင်ရောင်းချသူများ အနေဖြင့်တားမြစ်ထားသည့် ဆေးဝါးများ အား ဖြန့်ဖြူးရောင်းချမှု မရှိစေရန်၊ အစားအသောက်နှင့် အခြား အခြေခံ စားသောက်ကုန်ပစ္စည်းများအားစျေးနှုန်းအမြတ်တင်ရောင်းချခြင်းမပြု လုပ်ကြရန်အတွက် ရန်ကြီးအောင်ရပ်ကွက် မြသီတာဈေးရှိ ဆေးဆိုင်များနှင့် စားသောက် ကုန်ပစ္စည်း ဆိုင်များနှင့် အောင်မင်္ဂလာရပ်ကွက်ရှိ ဆေးဆိုင်ဆိုင်များ၊ ကုန်စုံဆိုင်များကို စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထို့နောက် ဆေးဝါးများဖြန့်ဖြူးရောင်းချနေသောဆေးဆိုင်များအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များအတိုင်းစနစ်တကျတန်းစီကာ စျေးဝယ်သူတစ်ဦးနှင့် တစ်ဦးကြား ၃ပေစီခြား၍ နှာခေါင်းစည်းmask မတပ်ဆင်ထားသူကို စျေးမရောင်းရန်၊ နှာခေါင်းစည်း maskပေး၍ စနစ်တကျတပ်ဆင်ပြီးမှ ရောင်းချပေးရန် မှာကြားဆောင်ရွက် ခဲ့ကြောင်း သိရသည်။
(မြို့နယ်၊ ပြန်/ဆက်)