မင်းဘူး ဩဂုတ် ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က အဖွင့်အမှာစကား ပြေားကြားရာ မိမိတို့ခရိုင်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက် သွားကြရန်၊ မြစ်ရေဝင်ရောက်မှု အခြေအနေများ၊ ဆည်များအတွင်း ဆည်ရေဝင်ရောက်မှုနှင့် ရေပိုလွှဲများမှ ရေကျော်နေမှု အခြေအနေများကို ပြည်သူများ သိရှိအောင် ကြိုတင်အသိပေးကြေညာခြင်းများ ဆောင်ရွက်သွားရန်နှင့် သဘာဝဘေးအန္တရာယ် ကြလာရောက်ပါက အရေးပေါ် ရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါ်ကေသွယ်ဝင်းက မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များတွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ဆောင်ရွက်ထားရှိမှု အခြေအနေ များကို အသေးစိတ် ရှင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးများက သဘာဝဘေးကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံ များကို မြို့နယ်အလိုက် ရှင်းလင်းတင်ပြခဲ့ကြ ရာ တင်ပြလာမှုအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင့်ကျော်က လိုအပ်သည် များကို ဖြည့်စွက်မှာကြားခဲ့ပြီး လုပ်ငန်းများကို ကြိုးစားဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)