မကွေး သြဂုတ် ၁၇
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူးနှင့် မကွေးတပ်နယ်မှူးတို့ တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်အမှာ စကား ပြောကြားသည်။
ရှေးဦးစွာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှာ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခဲ့သူ(၁၆၉၀၉)ဦးအထိ ကူးစက်ပြန့်ပွားခဲ့ပြီး သေဆုံးခဲ့သူက (၇၃၁)ဦးရှိ ကြောင်း၊ မနေ့က စာရင်းများအရ တိုင်းတွင်းပိုးတွေ့အတည်ပြုလူနာ(၂၈၈)ဦး တွေ့ရှိခဲ့ပြီး ကူးစက်မှု အနည်းငယ်လျော့နည်းကျဆင်းလာသည့် အနေအထားများ တွေ့ရကြောင်း၊ တစ်တိုင်းလုံး ကာကွယ်ဆေးထိုးခြင်းသည် ရာနှုန်းပြည့်ဆေးထိုးပြီးဖြစ်၍ တစ်ဖြည်းဖြည်း နည်းပါးသွားမှာဖြစ်ကြောင်း၊ မိမိတို့တိုင်းသည် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အကူအညီနှင့် ပထမဆုံးရောက်ရှိလာသော Oxygen Plant များသည် ယခုလ ၇ ရက်နေ့က ရောက်ရှိခဲ့ပြီး တပ်ဆင်ဆောင်ရွက်ရာ စမ်းသပ်ထုတ်လုပ်ရေးကို ၁၃ ရက်နေ့မှာ စတင်လည်ပတ် နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယခုအခါ ရရှိလာသည့် Oxygen အိုးများကို ဆေးရုံများသို့ ပေးရန်စီစဉ်ထားပါကြောင်း၊ မကွေးမြို့တွင် တည်ဆောက်ခဲ့သော Oxygen Plant နည်းတူ ချောက်မြို့မှာ တည်ဆောက်မည့်စက် မနက်ဖန် ရောက်ရှိလာမည်ဖြစ်ကြောင်း၊ တိုင်းဒေ သကြီးအတွင်း ကိုဗစ်-၁၉ လူနာများအတွက် အောက်ဆီဂျင်လိုအပ်မှုကို ပြည့်ဝစွာ ဖြည့်ဆည်း ပေးနိုင်တော့မှာ ဖြစ်ပါကြောင်း၊ ကိုဗစ်နဲ့ ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေကြတဲ့ လူမှုကူညီ ရေးအဖွဲ့အစည်းများ၊ Volunteer များကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နေထိုင်နိုင်ရေး အတွက် ဆက်လက်ပြီး လိုအပ်သည့် ပံ့ပိုးမှုများလည်း စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မကွေးမြို့ အဝေးပြေးကုန်တင်ကုန်ချယာဉ်ရပ်နား ကားကြီးကွင်းအတွင်း၌ အောက်ဆီဂျင်စက် တပ်ဆင် တည်ဆောက်ထုတ်လုပ်မှုများနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်ခဲ့သည့် Sky Home ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များနှင့် ပတ်သက်၍ အသီသီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး မကွေးလေတပ်စခန်း ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ဝန်ကြီးချုပ် ဦးဆောင်ချပေးထားသည့် အစီအမံများအတိုင်း လုပ်ဆောင်ရာတွင် လိုအပ်သော လုပ်ဆောင်ချက်များအား ဆောင်ရွက်သွား မည်ဆိုပါက မိမိတို့ ရည်မှန်းထားသည့် ရည်မှန်းချက်ကို ရောက်ရှိမည်ဟု ယူဆပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ဆွေးနွေးတင်ပြခဲ့မှုများနှင့် စပ်လျဉ်း၍ လိုအပ်ချက်များအား ဖြည့်စွက်ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌက တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာ ဆောင်ရွက်သွားကြရန် မှာကြားဆောင်ရွက်ခဲ့သည်။
မောင်ညီညာ(မကွေး)