ဘူးသီးတောင် ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ယမန်ရက်နေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့နယ် ဝါးရှီးလာကျေးရွာနေ အမျိုးသမီး(၁)ဦး နေမကောင်း၊ အနံမရသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသစဉ် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါပိုးတွေ့လူနာအား ဘူးသီးတောင်မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်အခန်း၌ ဆေးကုသမှု ခံယူရန် နေရာချထားပေးလျှက်ရှိပြီး ၎င်းနှင့်ဆက်စပ်သူများအား Home/Quarantine ဆောင်ရွက်ထားရှိကာ Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးနိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အမှတ်(၆) တပ်မတော်ဆေးရုံ ကုတင် (၂၅ )မှ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ အမျိုးသား(၈)ဦးရှိကာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများအနက် သြဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းက ဆေးရုံတက်ရောက် ဆေးကုသခံယူနေသည့် ဘူးသီးတောင်မြို့ မြို့သစ်ရပ်ကွက်နေအသက်(၆၅)နှစ်၊ အမျိုးသမီး(၁)ဦးမှာ ယမန်ရက်နေ့နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းအား ကိုဗစ်-၁၉ စည်ကမ်းချက်နှင့်အညီ (WDAB) နာရေးကူညီမှု အသင်းမှ မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာ(၁၄၁)ဦး၊ဆေးရုံဆင်းခွင့်ရသူ(၁၁၄)ဦး၊ သေဆုံးသူ(၆)ဦး၊ လက်ရှိဆေးကုသမှု ခံယူနေသူ(၂၁)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။