အရာတော် ဩဂုတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် စတုတ္ထအကြိမ်ခွဲဝေရရှိသည့် တရုတ်နိုင်ငံထုတ်(Sinopharm)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး(၅၀၀)ကို ယမန်နေ့ နံနက်(၈)နာရီမှ ညနေ (၃) နာရီအချိန်ထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမ၊ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့တွင် စုရပ်လေးနေရာ သတ်မှတ်ပြီး အဖွဲ့လေးဖွဲ့ခွဲကာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ၌ (၁၅-၈-၂၀၂၁)ရက်နေ့တွင် သံဃာတော်(၅)ပါး၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွား (၁၃၃)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်နေသူ(၈၆၂)ဦး စုစုပေါင်း(၁၀၀၀)ဦးကို ထိုးနှံပေးခဲ့ပြီး ဆေးထိုးရန် ကျန်သူများအား ဆေးရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊
ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။