ကျောင်းကုန်းမြို့တွင် ဒါးကမြစ်ရေ စိုးရိမ်ရေအမှတ် ရောက်ရန် သုံးပေခန့်လို

ကျောင်းကုန်း  ဩဂုတ်  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဒါးကမြစ်ရေသည် ယနေ့နံနက်ပိုင်း တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်သို့ ရောက်ရန် သုံးပေခန့်သာ လိုတော့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် စိုးရိမ်ရေအမှတ် အထက်သို့ရောက်ရှိ ရေကြီးနစ်မြုပ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် ဒါးကမြစ်ရေမှာ စိုးရိမ်ရေအမှတ်သို့ မရောက်ရှိပဲ ယခု ၂၀၂၀ ပြည့်နှစ် ယနေ့တိုင်းထွာချက်အရ (၁၄) ပေနီးပါးသို့ ရောက်ရှိကာ ကျောင်းကုန်းမြို့၏ စိုး‌ရိမ်ရေအမှတ် (၁၇) ပေသို့ ရောက်ရန် သုံးပေခန့်သာ လိုတော့ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တစ်ပတ်အတွင်း (၄) ပေခန့် မြင့်တက် လာခဲ့တယ်ဟု မြစ်ကမ်းပါးတွင် နေထိုင်သူတစ်ဦးက ပြောပြချက်အရသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)