တစ်ဧကလျှင် ဆီပိဿာချိန် ၁၀၀ ကျော်ထွက်သော ပင်ထောင်မြေပဲ အထွက်နှုန်း ကောင်းသောကြောင့် စိုက်ပျိုးမှု များပြား

မင်းဘူး   ဩဂုတ်   ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပေါက်ကုန်းကျေးရွာမှ တောင်သူများသည် ဆီထွက် သီးနှံများ စိုက်ပျိုးရာတွင် နေကြာ၊ နှမ်းနှင့် မြေပဲများကို အချိန်အခါအလိုက် စိုက်ပျိုးကြပြီး ယခုနှစ် တွင် အထွက်နှုန်းကောင်းသော ပင်ထောင်မြေပဲကို  စိုက်ပျိုးမှုများကြောင်း ပေါက်ကုန်းကျေးရွာ ပင်ထောင်မြေပဲစိုက် တောင်သူများထံမှ သိရသည်။

ပင်ထောင်မြေပဲသည် တစ်ဧက ဆီပိဿာချိန် ၁၀၀ ကျော်ထွက်ရှိသဖြင့် စားသုံးဆီဖူလုံရေးအတွက် အရေးပါလှသော သီးနှံတစ်မျိုးဖြစ်သည်။ ပင်ထောင်မြေပဲကို သဲနှုန်းမြေ၊ ကိုင်းမြေနှင့်နှုန်းမြေများ တွင် ပိုမိုဖြစ်ထွန်းသည်။ ပင်ထောင်မြေပဲ စိုက်ပျိုးရန် ထယ်ရေးနက်နက်နှင့် ထွန်ရေးညက်ညက်ဖြင့် ထွန်ယက်စိုက်ပျိုးကြပြီး မိုးများသော ဒေသများဖြစ်ပါက ပေါင်များပြုလုပ် စိုက်ပျိုးကြသည်။

ပင်ထောင်မြေပဲများ စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ အတွင်းကြားတိုက်ခြင်း၊ ပေါင်းမြက် ရှင်းလင်းခြင်းများ ပြုလုပ်၍ စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးများအတွက် ပင်လုံးပြန့် ပိုးသတ်ဆေးများဖြင့် ပက်ဖျန်းကာကွယ်ထားကြသည်။ အပင်သက်တမ်းမှာ ရက်ပေါင်း ၁၁၀ မှ ၁၂၀ ရှိပြီး သက်တမ်းကုန်၍ အရွက်များဝါလာ၊ အပွင့်များကျလာပါက နှုတ်သိမ်းနိုင်သည်။ သို့သော် ဒါးကွင်းတိုက်ပြီး နှုတ်သိမ်းပါက အလေအလွင့်နည်းပါးစေသည်။

ယခင်နှစ်များက ပင်ထောင်မြေပဲ တစ်ဧကလျှင် တင်း ၈၀ အထိထွက်ရှိ၍ တစ်တင်း ကျပ် ၈၀၀၀ ဈေးရောင်းချရသဖြင့် ထွက်နှုန်းကောင်းပြီး ဈေးကောင်းသော ပင်ထောင်မြေပဲများကို တစ်ရွာလုံးနီးပါး စိုက်ပျိုးထားကြကြောင်း ပေါက်ကုန်းကျေးရွာ ပင်ထောင်မြေပဲစိုက်တောင်သူ ဦးဝင်းဦးထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)