ရေး သြဂုတ် ၇
မွန်ပြည်နယ် ရေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများ မြင့်တက်နေသည့်အတွက် ရောဂါကူးစက်မှုနှုန်းလျော့ကျနိုင်ရေး ပြည်သူများ လိုက်နာရမည့် ညွှန်ကြားချက်များကို သိရှိအောင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင် လှည့်လည်နှိုးဆော်သည့် လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လှည့်လည်နှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ ရန်ကြီးအောင်ရပ်ကွက် လမ်းဆုံလမ်းခွ နေရာများ ရပ်ကွက်ရုံး ရှေ့များတွင် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့အသိပေး နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နေအိမ်ပြင်ပသို့ ထွက်ခွာလျှင်ပါးစပ်၊ နှာခေါင်းစည်း (mask)တပ်ဆင်ထားပြီး မှသာလျင် ထွက်ခွာ သွားလာကြရန်၊ လူအများနှင့် ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ face shield ကို တွဲဖက်တပ်ဆင်ထားရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကို မကြာခဏ စက္ကန့်၂၀ ကြာအောင် ဆေးကြောရန်၊ လေဝင်လေ ထွက်မကောင်းသည့် အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆေးကုသမှု ခံယူရန် လိုအပ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအမြန်ဆုံး လျှော့ချရေးနှင့် ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူအပေါင်းက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(မြို့နယ်၊ ပြန်/ဆက်)