မြင်းမူ ဩဂုတ် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်အတွင်းရှိ သာသနာ့နွယ်ဝင် ဆရာတော် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေအတွက် ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဩဂုတ်လ(၇)ရက် နံနက်(၈)နာရီအချိန်က မြင်းမူမြို့ပေါ်ရပ်ကွက်အသီးသီးရှိ သတ်မှတ်နေရာအသီးသီးတွင် အောင်မြင်စွာထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကျန်းမာရေးဌာနအနေဖြင့် ကာကွယ်ဆေးမထိုးနှံမီ အဓိကကျသည့် ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများကလည်း ကာကွယ်ဆေးလာရောက် ထိုးနှံသူ၏ အမည်၊အသက်၊ မှန်မမှန်ကိုလည်း မှတ်ပုံတင်နှင့်တိုက်ဆိုင်ကာ မှတ်တမ်းရေးသွင်းရကြောင်း၊ ဆေးထိုးရာတွင်လည်း လူအုပ်စု မဖြစ်စေရန် (Social Distancing) နှင့်အညီ ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
မြင်းမူမြို့နယ်အနေဖြင့် ပထမအကြိမ် ကာကွယ်ဆေးကို ဩဂုတ်လ(၃)ရက်နှင့် (၄)ရက်နေ့များတွင် လူဦးရေ(၄၀၀၀)ကိုလည်းကောင်း၊ ယမန်နေ့တွင် လူဦးရေ (၁၅၀၀) စုစုပေါင်း လူဦးရေ(၅၅၀၀)ကိုဆေးထိုးနှံပေးပြီးဖြစ်ကြောင်း၊ ယခုဆေးထိုးနှံပေးရာတွင် အသက်(၆၅)နှစ်နှင့် အထက်အဘိုး/အဘွားများအပါအဝင်၊ ဆရာတော်သံဃာတော်များ၊ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများအား သတ်မှတ်နေရာများတွင် ဆေးထိုးအဖွဲ့(၅)ဖွဲ့မှ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)