မြို့သစ်မြို့နယ်တွင် ကိုဗစ် - ၁၉ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး

မြို့သစ်  သြဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ် - ၁၉ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ် - ၁၉ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးခြင်းကို သတ္တမမြောက်နေ့အဖြစ် သတ်မှတ်စုရပ်နေရာများ၌ ကျန်းမာရေးဝန်ထမ်းများက  စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ် - ၁၉ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများ၊ ပရဟိတလုပ်ငန်းဆောင်ရွက်နေသူများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူများ၊ Super Market နှင့် စျေးရောင်းချသူများ၊ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင် ရောင်းချသူများ (ဆိုင်ရှင်/ဝန်ထမ်းများ)အား ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်အလိုက် သတ်မှတ်စုရပ်နေရာများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၊  အထက(၁)ရတနာခန်းမ၊   ဒန့်ဒလွန်ပင်ကျေးရွာ အထက်တန်းကျောင်း၊ နင်းကြမ်းတိုက်နယ်ဆေးရုံ၊ ဝါးကြီးအိုင်တိုက်နယ်ဆေးရုံတို့တွင် ကိုဗစ် - ၁၉ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ  ကိုဗစ် -၁၉ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင်  ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်၍ မြို့သစ်မြို့နယ်တွင် သြဂုတ်လ ၆ ရက်အထိ ကိုဗစ် -၁၉ ကာကွယ်ဆေး (Sinopharm) အလုံးရေ (၃၀၅၀)ရောက်ရှိကာ သတ်မှတ်စုရပ်နေရာ အသီးသီး၌ ကာကွယ်ဆေးလာရောက်ထိုးနှံသူစုစုပေါင်း (၄၉၃၅)ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)