မြိုင် ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဩဂုတ်လ ၁ ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၇ ရက်နေ့အထိ အရှိန်အဟုန်မပျက် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် မြိုင်မြို့နယ် အတွင်း အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ နှင့် ပရဟိတ လုပ်ကိုင်နေသူများကို ဦးစားပေးထိုးနှံပေးခဲ့ပြီး ယခုအခါ အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး လုံးဝမထိုးရသေးသူများကိုလည်း ထိုးနှံပေးနေပြီဖြစ်သည်။
ဩဂုတ်လ ၁ ရက်နေ့မှ ၆ ရက်နေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများမှ လူဦးရေ (၃၆၂၃)ဦးအား ထိုးနှံပေးခဲ့ပြီး တစ်မြို့နယ်လုံးအနေဖြင့် ကာကွယ်ဆေးထိုးပြီးလူဦးရေ ပိုမိုလွှမ်းခြုံနိုင်ရန်အတွက် ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပျက် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
သူရ(ပုံတောင်)