လေးမျက်နှာ သြဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အသက် (၆၅) နှစ်အ ထက် ဘိုးဘွားများအား ယနေ့နံနက်(၉:၀၀) နာရီ၌ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးဆက် လက်ထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွင်း အသက် ၆၅ နှစ်အထက်ရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ် −၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေး ကော်မတီမှ တစ်မြို့နယ်လုံးအတွက် ပထမအကြိမ်ရရှိထားသည့် sinopharm အမျိုးအစား ဆေအလုံး(၁၀၀၀)အား စုရပ် ၃ ခုဖြစ်သော လေးမျက်နှာမြို့မြတ်စေတနာ အခမဲ့ဆေးခန်း၊ အိုင်သပြု(အ-ထ-က)၊လှော်ကထား (အ-ထ-က)တို့တွင်နေရာ ၃ နေရာခွဲကာအဖွဲ့(၅)ဖွဲ့ဖြင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးသည့် စုရပ်နေရာများတွင် ကျန်းမာရေးဌာနမှ ဆရာဝန်များ၊ သူနာပြုများက ဦးဆောင်ထိုးနှံပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့် တာဝန်ရှိသူများကလည်း ဆေးထိုးနှံနေမှုများ ကို ကွင်းဆင်းကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဟိန်း