မင်းလှ(အောက်) သြဂုတ် ၁၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အမည်စာရင်းများကို သာယာဝတီခရိုင်၊ မင်းလှမြို့နယ် အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကပ်ထားကြေညာထားရှိပြီး မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမို ရရှိစေရန် ရည်ရွယ်၍ ဩဂုတ် ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ထပ်မံတိုးမြှင့်ကပ်ထားပြီး ယနေ့အထိ မဲဆန္ဒရှင်များ(၁၈၂၁၀)ဦးထိ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြကြောင်း သိရ သည်။
မဲစာရင်းကပ်ထားမှုအား မဲဆန္ဒရှင်များမှ နေ့စဉ်လာရောက် ကြည့်ရှုလျက်ရှိကြောင်းနှင့် သြဂုတ်လ ၁၂ ရက်နေ့ အထိ ပုံစံ(၃)ဖြင့် မဲစာရင်း တွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုသူ (၇၃) ဦး၊ ပုံစံ(၄) မဲစာရင်းနှင့် စပ်လျဉ်းသော ကန့်ကွက်လွှာ(၂၃)ဦး၊ ပုံစံ (၄-ဂ) ဖြင့် မဲစာရင်းနှင့် စပ်လျဉ်းသော ပြင်ဆင်လွှာ (၃၃)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မင်းလှမြို့နယ်အတွင်း ရပ်ကွက်/ကျေး ရွာ(၆၆)အုပ်စု၌ မဲရုံပေါင်း (၁၁၅) ရုံဖွင့်လှစ်သွားမည်ဖြစ်ရာ မဲပေးပိုင်ခွင့်ရှိသူ ကျား(၄၅၀၄၆)ဦး၊ မ(၅၀၄၀၁)ဦး စုစုပေါင်း (၉၅၄၄၇)ဦး ရှိပြီး မဲစာရင်းများ စနစ်တကျကပ်ထား ကြေညာထားမှု နှင့် ပြည့်စုံမှန်ကန်စေရန်အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ မင်းလှ