ကလေး ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျုံးလျန်ထန်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အမျိုးသားလုပ်ငန်း အစီအစဉ်များ၌ ကလေးသူငယ်များအတွက် ကျန်းမာရေးနှင့်အာဟာရ၊ ရေကောင်းရေသန့်ရရှိရေး၊ ပညာရေး၊ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးတို့ ပါဝင်ကြောင်း၊ ယင်းအပြင် ကလေးသူငယ်အခွင့်အရေး(၄)မျိုးဖြစ်သည့် အသက်ရှင် ဖသန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက် ခွင့်နှင့်ပါဝင်ဆောင်ရွက်ခွင့်များကို ကလေးများရရှိခံစားနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပြည်သူလူထုမှ စည်းလုံးညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်မေဦးက မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ခဲ့မှုများ၊ ရှေ့ဆက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍လည်းကောင်း မြို့နယ်ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒေါ်ဂရေစီက ကော်မတီဖွဲ့စည်း ထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ကလေးသူငယ်များ၏ အခွင့်အရေး များရရှိစေရေး၊ ကလေးသူငယ်များဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးနိုင်ရေး၊ ကလေးငယ်များသက်ငယ်မုဒိန်းမှုပပျောက်ရေး၊ စွန့်ပစ် ကလေးငယ်ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့်ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို အကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန်းထိုက်အောင် (ပြန်/ဆက်)