ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ကျောက်ကြီး ဇူလိုင် ၃၁

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် သိန်တန်းရပ်ကွက် အခြေခံပညာ အထက်တန်း ကျောင်းသပြေခန်းမဆောင်၌ ဇူလိုင်လ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့လယ် ၂ နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေးကို လူမျိုးဘာသာမရွေး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံသေးရသည့် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ Volunteer များ၊ ပုဂ္ဂလိကပို့ဆောင်ရေး လုပ်ငန်းမှ ပြည်သူများကို ပထမဦးစားပေး ထိုးနှံပေးမှာဖြစ်ပြီး ကျောက်ကြီးမြို့ပေါ် ရပ်ကွက်(၇) ရပ်ကွက်ရှိရဟန်းသံဃာ (၄၁)ပါး၊ အသက် (၆၅) နှစ်အထက် (၁၀၈) ဦး၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၁၈)ဦး၊ Volunteer (၁၂)ဦး၊ နိုင်ငံ့ဝန်ထမ်း (၉၇) ဦး စုစုပေါင်း (၂၇၆) ဦးကို ဆေးလုံးရေ (၁၃၈) လုံးဖြင့် ထိုးနှံပေးခဲ့သည်။

 

ကျောက်ကြီးမြို့နယ်အတွက် ဆေးအလုံး (၈၀၀) ထုတ်ယူထားပြီး မိဘပြည်သူ (၁၆၀၀) ကို ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း၊ ထိုးနှံပေးသော ကာကွယ်ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံမှ ထုတ်လုပ် သော (Sinopharm) အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်ရှိနေသော ဆေးများကို မုန်းဒေသနှင့် နတ်သံကွင်းဒေသတို့ရှိ ကျေးရွာပြည်သူများကို ကျန်းမာ ရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပြီး မိဘပြည်သူများအားလုံး ထိုးနှံ နိုင်အောင် လည်း အစီအမံများ ဆောင်ရွက်ထားပါကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်း ထွန်းမှ ပြောကြားခဲ့သည်။

 

ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စနစ်တကျရှိစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းမှ ကြီးကြပ်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နယ်မြေခံတပ်ရင်းမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့ များမှ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပူပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်