မင်းလှမြို့နယ်တွင် အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

မင်းလှ   ဇူလိုင်   ၃၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် ဘိုးဘွားများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ‌ ပေးခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံး၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးမည့်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောလမ်း ညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျမှတ်ပုံ တင်ဆောင်ရွက်ခြင်းများ ပြုလုပ်ပြီး   (၆၅) နှစ်အထက် ဘိုးဘွား(၁၀၁) ဦး၊ ပညာရေးဝန်ထမ်း(၈)ဦး၊ စေတနာ့ဝန်ထမ်း(၁၁)ဦးတို့အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း၊ နောက်ထပ် (၂၈)ရက်အကြာ၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ယနေ့‌ဆေးထိုးစုရပ်တွင် လူဦးရေ (၁၂၀) ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့တယ်၊ ရပ်ကွက် ကျေးရွာများအတွင်းဆေးထိုးစုရပ်(၈)ခု၌  နေ့စဉ် နံနက်၉နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးသွားမှာပါ၊ မြို့အတွက် ဆေးအလုံးရေ(၈၀၀)  ရရှိထားတဲ့အတွက်ဦးစားပေးအလိုက် အမျိုးအစား(၁၂)မျိုးခွဲခြားကာ ထိုးနှံပေးသွားမှာပါဟု မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးထွဋ်က ပြောပါ သည်။

အဆိုပါ ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ တစ်မြို့နယ်လုံးအတွက်ကာကွယ်ဆေးထိုး စီစစ်ကြီးကြပ်ရေးအဖွဲ့ (၁၀) ဖွဲ့စည်းကာ ရပ်ကွက်နှင့် ကျေးရွာများအလိုက် ကြီးကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပေါက်စ