ကြံခင်းမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက်ဘိုးဘွားများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ကြံခင်း ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်. ကြံခင်းမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကျန်မာရေးဦးစီးဌာနမှ တာဝန်ရှိသုများက ကာကွယ်ဆေးမထိုးမှီ ဘိုးဘွားများအား အပူချိန်တိုင်းခြင်း၊  သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးခဲကြောင်းနှင့်  ကြံခင်းမြို့ပေါ် ရပ်ကွက်(၃)ခုအား ဦးစားပေးအဖြစ်(ပထမအကြိမ်) ကာကွယ်ဆေးစတင်ထိုးနှံရာ မြို့မရပ်ကွက်မှ ဘိုးဘွားများကို မြို့မရပ်ကွက် ဒီပင်္ကရာဘုရားတန်ဆောင်းတွင်လည်းကောင်း၊ ရွာသစ်ရပ်ကွက်နှင့် ရွှေတောင်စုရပ်ကွက်ရှိ ဘိုးဘွားများကို ရွှေပြည်အေး (၁၁)ထပ်ဘုရား တန်ဆောင်းတွင်လည်းကောင်း ကာကွယ်ဆေးထိုးစုရပ် (၂)ခုခွဲကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုအား ကြံခင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော ဘိုးဘွားများအား ကာကွယ်ဆေးထိုးခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များအား ပြောကြားပေးပြီး၊  ကာကွယ်ဆေးထိုးခြင်းအား ကြည့်ရှု့ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ မြို့မရပ်ကွက် မင်းသီရိ(၂)  ဦးပေါ်ဦးလမ်းနေ အသက်(၇၅)နှစ်ရှိ အဘွားဒေါ်ထွေးစိန်က "ယခုကိုဗစ်ကာကွယ်ဆေးထိုးနှံရခြင်းအတွက် စိတ်ထဲတွင် ပေါ့ပါးပျော်ရွှင်မှုရှိသလို၊ ယုံကြည်မှုလဲရှိတယ်၊ မနေ့ကဆေးထိုးဖို့လာပြောလို့ ခုမနက် စောစောထပြီး ဆေးထိုးစုရပ်ကို အဘွားဆန္ဒှရှိလို့  အရောက်လာထိုးနှံတာဖြစ်တယ်၊ ဆောင်ရွက်ပေးသော လူကြီးများအားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့" ပြောပါသည်။

 

ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စု(၃၅)အုပ်စုရှိရာ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်ရှိ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဦးစားပေးထိုးနှံပေးခဲ့ရာ  ယခုနံနက်ပိုင်းတွင် (ပထမအကြိမ်) ကာကွယ်ဆေး လာရောက်ထိုးနှံသူ ဘိုးဘွား(၂၄၅)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ နေ့လည်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့မှ သိရသည်။

ကြံခင်းမြို့  မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ဆေး စနစ်တကျထိုးနှံပေးနိုင်ရေးအတွက် စိစစ်ကြီးကြပ်ရေးအဖွဲ့ (၅)ဖွဲ့. ဖွဲ့စည်းပြီး  ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် စိစစ်ပြီး စနစ်တကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ဇူလိုင်လ(၂၉)ရက်နေ့အထိ ကြံခင်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့လူနာ(၅၁၂)ဦးရှိရာ၊  ဆေးရုံဆင်းခွင့်ရလူနာ(၃၂၀)ဦး၊   သေဆုံးလူနာ(၂၁)ဦးရှိကြောင်း၊  ယခုလက်ရှိ ဆေးကုသမှု ခံယူဆဲလူနာ(၁၇၁)ဦးအား စောင့်ကြည့်ကုသပေးလျက်ရှိပြီး၊ Primary Contact Person စောင့်ကြည့်(၂၂၇)ဦးအား ကျန်းမာရေးမှ တာဝန်ရှိသူများ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။