မုဒုံမြို့နယ်တွင် ကမာဝက်မြို့ ကမာအုပ်ကျေးရွာရှိ ဆွမ်းဆန်နှင့်ဝေယျာဝစ္စခက်ခဲသော ပရိယတ္တိစာသင်တိုက်သို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

မုဒုံ     ဇူလိုင်     ၂၆

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ ကမာအုပ်ကျေးရွာရှိ ဆွမ်းဆန်နှင့်ကျောင်း ဝေယျာဝစ္စခက်ခဲသော မဟာဝိသုဒ္ဒါရုံ ရွှေကျင်ကျောင်းသစ်သို့ ယမန်နေ့ ညနေ ၄နာရီက မုဒုံမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၊   မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နှင့်    မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ခင်သီတာလင်းတို့က  လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများကို ဆက်ကပ် လှူဒါန်းကြောင်း သိရသည်။

အခမ်းအနားတွင် မဟာဝိသုဒ္ဒါရုံ ရွှေကျင်ကျောင်းသစ်ကျောင်းဆရာတော် အရှင်ဇောတိဿရ ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူပြီး သံဃာတော်အရှင်သူမြတ်တို့က မေတ္တာသုတ် ပရိတ်တရားတော်ကို ချီးမြှင့်တော်မူခဲ့သည်။   ထို့နောက်  ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကြက်ဥ၊ ဆေးဝါးများ၊ ဝတ္ထု အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို  ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြသည်။  အဆိုပါ ပရိယတ္တိစာသင်ကျောင်းတွင် စာသင်သံဃာ ၄၉ ပါး ရှိကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)