ပန်းတောင်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူလူထု အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအ တွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်/ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ချက်များတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံး မှာ အတတ် နိုင်ဆုံးမဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ မိမိတို့အိမ်တွင် ပြင်ပမှလာ သော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြော ခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ် ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ပါ၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန် စသည့်အချက်များ ပါဝင်ကြောင်း သိရှိရသည်။