မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စစ်ဆေးကြတ်မတ်ခြင်းနှင့် အသိပညာ ပေးနှိုးဆော်ခြင်းနေ့စဉ်ဆောင်ရွက်

မော်လမြိုင်      ဇူလိုင်      ၂၆

မွန်ပြည်နယ်  မော်လမြိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့်   သတ်မှတ်ထားသည့်  ညွှန်ကြားချက်များလိုက်နာကြရေးအတွက်  နေအိမ်တွင် နေထိုင်ရေး(Stay  at   Home)အဖြစ်  ဇူလိုင်၇ရက် မှစတင်ထုတ်ပြန်ကြေညာပြီးနောက်ပြည်သူများ နေအိမ်ပြင်ပေဈေးဝယ်သွားလာရာတွင်ဈေးဝယ်သွားလာခွင့်လက်မှတ်ပါရှိမှုနှာခေါင်းစည်းတပ်ဆင် ထားမှုရှိ/မရှိစစ်ဆေးခြင်းနှင့်  အသိပညာပေးနှိုးဆော်ခြင်း များကို ယနေ့နံနက်၉နာရီကမုပွန်ရပ်ကွက် လမ်းမကြီးတစ်လျှောက်၌   လမ်းသွား/လမ်းလာပြည်သူများ၊ ယာဉ်များအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးတင်ယု၏  ကြီးကြပ်မှုဖြင့်   ကော်မတီအဖွဲ့ဝင်များ၊  ရပ်ကွက်တာဝန်ရှိသူတို့က  အဖွဲ့များခွဲကာ ပူးပေါင်းစစ်ဆေးသည်။

စစ်ဆေးရာတွင်ပြည်သူများအနေဖြင့်မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားရောက်ရန်လိုအပ်ပါက   ရပ်ကွက်အလိုက်တာဝန်ခံများက   ထုတ်ပေးထားသည့်   ဈေးဝယ်သွားလာခွင့်     လက်မှတ်ဖြင့်သာ သွားလာရမည်ဖြစ်ပြီး  ပါးစပ်၊ နှာခေါင်းစည်းစနစ်တကျတပ်ဆင်ကြရေးနှင့် ပထမအကြိမ်  နှာခေါင်းစည်းတပ်ဆင် ထားခြင်းမရှိပါကဒဏ်ငွေငါးရာကျပ်ပေးဆောင်စေပြီး နှာခေါင်းစည်းနှစ်ခုပေးအပ်ကာ အခုတပ်ဆင်စနစ်ဖြင့်ဆောင်ရွက်ခဲ့သည်။ 

  

မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့ရှိအတည်ပြုလူနာများပြားလာမှုကြောင့်  ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ နေအိမ်တွင် နေထိုင်ရေး (Stay  at Home) အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်စပ်လျဉ်း၍ဆောင်ရွက်ခြင်းဖြစ်ပြီး စည်းကမ်းလိုက်နာ ရန်ပျက်ကွက်ပါက ကိုဗစ်-၁၉ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေး တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။