ပေါက်ခေါင်းမြို့တွင် ဆီမီးလော့ဒေါင်းဆောင်ရွက်ထားချိန် အပြင်ထွက်သွားလာသူများရှိ/မရှိ စစ်ဆေးဆောင်ရွက်

ပေါက်ခေါင်း   ဇူလိုင်  ၂၆


ပေါက်ခေါင်းမြို့တွင် ဇူလိုင်လ ၁၇ရက်နေ့မှ ဩဂုတ်လ၁ ရက်နေ့အထိ နေ့လည် ၁၂နာရီမှ နောက်တစ်နေ့နံနက် ၄နာရီအချိန်ထိ အသွားအလာကန့်သတ်ထားပြီး မွန်းလွဲ ၁၂ နာရီအချိန်နောက်ပိုင်း သွားလာခြင်းမပြုရန် စိစစ်ကြပ်မတ်ထားရာ ယမန်နေ့ မွန်းလွဲ ၂နာရီက အပြင်ထွက်သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင်၏ စီမံမှုဖြင့် ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်ကျော် ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များနှင့် အဓိကလမ်းမကြီးများတွင် သတ်မှတ်ချိန် နေ့လယ် ၁ ၂နာရီ ကျော်လွန်ချိန်တွင် အပြင်ထွက်သွားလာသူများအား ဆေးရုံ၊ ဆေးခန်းများမှအပ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်များ ပါရှိမှုရှိမရှိ စစ်ဆေးခြင်း၊ အဆိုပါ‌ထောက်ခံစာများ  ပါရှိလျှင်လည်း နေ့လည် ၁ ၂နာရီကျော် နောက်ပိုင်းတွင် ကျန်းမာရေးကိစ္စနှင့် အရေးပေါ်ကိစ္စမှအပ အပြင်ထွက်သွားလာခွင့်မရှိကြောင်း အသိပညာပေး ပြောကြားခြင်းများကို ဆောင်ရွက်ခဲ့သည်။

ပေါက်ခေါင်းမြို့တွင် ကိုဗစ်၁၉-ရောဂါကာကွယ်ထိန်းချုပ် တားဆီးနိုင်ရေးအတွက် နေ့စဉ် နေ့လယ် (၁၂:၀၀)နာရီနောက်ပိုင်းတွင် မိမိအိမ်တွင်သာနေထိုင်ရန် သတ်မှတ်ခြင်း၊ သက်ဆိုင်ရာ စည်းကမ်းချက်များ ကိုထုတ်ပြန်ကြေညာခြင်းများကို ဆောင်ရွက်ထားပြီးဖြစ်သည်။ သတ်မှတ်ကာလတွင် နံနက် ၄ နာရီမှ နေ့လည် ၁၂ နာရီအတွင်း အိမ်ထောင်စုတစ်စုလျင်(၁) ဦးသာ ထွက်ရှိရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းတပ်ဆင်ရန်၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းတွင် အရေးပေါ်ကျန်းမာရေးကိစ္စမှအပ အပြင်ထွက်သွားလာခြင်းမပြုရန် စသည့် စည်းကမ်းချက်များကိုထုတ်ပြန်ကြေညာထားသည်။
အဆိုပါ သတ်မှတ်စည်းကမ်းချက်များကို ဖောက်ဖျက်ကျူး လွန်ခြင်းများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေနည်းဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဥမ္မာကျော် (မြို့နယ် ပြန်/ဆက်)