ကလေးမြို့တွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေမှု ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်

ကလေး ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါတုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကလေးမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကူးစက်ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းများနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင် သွားလာရေး Mask Campaign လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကို မြို့နယ်စီမံခန့်ခွဲရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဈေးရောင်း ဈေးဝယ်များ၊ လမ်းဆုံကားဂိတ်များတွင် ဖြတ်သန်းသွားလာနေ သူများအား နှာခေါင်းစည်းအရေတွက်ပေါင်း (၃၀၀၀) ကျော်ကို အခမဲ့ ဝေငှပေးခဲ့ကြပြီး ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်များဖြင့်လှည့်လည် နှိုးဆော်ပေးခဲ့ကြကြောင်းသိရသည်။ ထို့အတူ အခြားသောလူမှု့ပရဟိတကူညီရေးအသင်းအဖွဲ့များမှလည်း မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာများတွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ကျော်