သံတွဲ ဇူလိုင် ၂၆
သံတွဲမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သံတွဲခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ(၂၅)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် မြို့တွင်းရပ်ကွက်များနှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးလှုံ့ဆော်လျက်ရှိကြောင်း သိရသည်။
ထိုသို့ သံတွဲမြို့အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးလှုံ့ဆော်ရာတွင် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) နှင့်မျက်နှာကာ Face Shield ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ အနည်းဆုံး(၆)ပေအကွာမှ ခပ်ခွာခွာနေထိုင်ကြရန်၊ Mask မတပ်သူများနှင့်တွေ့ဆုံခြင်း ၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ အောင်ဆေးကြောရန်၊ လက်ကိုဆေးကြောခြင်းမပြုမီ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သတ်ခြင်း၊ ထိတွေ့ခြင်းမပြုလုပ်ရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကို ရှောင်ရန်၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် ဆောင်ရွက် ရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို စနစ်တကျစွန့်ပစ်ရန်၊ အပြင်မှ ပြန်လာပြီးတိုင်းအဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့်အနီးကပ် မထိတွေ့ကြရန်နှင့် သက်ကြီးရွယ်အိုများ ၊ ဆီးချို ၊ သွေးတိုးရောဂါ အခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ရှားရန် ၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ လာရောက်ဆေးကုသမှုခံယူရန်၊ ကိုဗစ်ကပ်ရောဂါကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြည်သူများသို့ အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
အလားတူ ငပလီမြို့တွင် ပြည်သူများသို့ အသိပေးနှိုးဆော်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်