ပြည် ဇူလိုင် ၂၆
ပဲခူတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီမှ ပေးအပ်သော Mobile Swab Van အား ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က Mobile Swab Vanအား ပြည်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစည်သူအောင်ထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ Mobile Swab Van ကို ကျန်းမာရေးဝန်ထမ်းများအား မြို့တွင်း၌ သာမက ကျေးရွာများအထိသွားရောက်၍ ကိုဗစ်-၁၉ သံသယလူနာများအား ကွင်းဆင်း စစ်ဆေးနိုင်ရန် ရည်ရွယ်ပေးအပ်ခြင်း ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။
ပြည်မြို့ခေတ္တရာလူငယ်များ သာရေး၊ နာရေး ကူညီမှု အသင်းအတွက် PPE ဝတ်စုံများ အပါအဝင် ကိုဗစ်-၁၉ ကျန်းမာရေးသုံး ပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီထံမှ သိရသည်။
ကိုဆက်