ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ထိန်ချုပ်ရေးအတွက် ပြည်သူများအား နေအိမ်ပြင်ပသွားလာခွင့်ကတ်များစစ်ဆေး

ဖြူး   ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက မလိုအပ်ပဲ ပြင်ပထ္ပက်ခြင်းများအား မရှိစေရေးအတွက် ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက  ပဲခူးလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းထိပ်တွင် နေအိမ်ပြင်ပ သွားလာသူများအား  သွားလာခွင့်ကတ်ဖြင့်သာ သွားလာနိုင်စေရေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နေအိမ်တွင်နေထိုင်ရေး အစီအစဉ်တွင် အကျုံးဝင်ကြောင်းဇွန်လ(၂၂)ရက်နေ့မှစ၍ သတ်မှတ်ကြေငြာ ခဲ့ပြီးဖြစ်သည်။ ဖြူးမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ နေ့စဉ်တိုးနေလျက်ရှိပြီး ယနေ့ထိ(၉၅၂)ဦး၊ သေဆုံးသူမှာ(၄၀)ဦးအထိရှိနေကာ လက်ရှိအခြေအနေအရ ဆေးကုသရေးCenterများတွင်(၁၂၈)ဦး၊ ကျန်းမာရေးပြန်လည်ကောင်းမွန် လာသဖြင့် ဆေးရုံမှဆင်းသူ(၇၈၄)ဦးရှိနေကြောင်း သိရသည်။

ထို့ကြောင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေကြောင်းနှင့် ထိုသို့စစ်ဆေးရာတွင် တစ်အိမ်လျှင်ဈေးဝယ်နိုင်ရန်ကတ်(၁)ကတ်၊ ဆေးရုံ ဆေးခန်း သွားနိုင်ရန် ကတ်(၁)ကတ်ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ခွင့်ပြုချက်ဖြင့် ယူဆောင်လာရမှာဖြစ်ပြီး စစ်ဆေးချက်အရ လိုက်နာမှုမရှိသူများအား ပထမအကြိမ်အနေဖြင့် ခေါ်ယူအသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် အဆင့်လိုက် ဒဏ်ငွေ ရိုက်ခြင်း၊ တည်ဆဲဥပဒေအရ အရေးယူခြင်းများ ဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှသိရ သည်။

ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကို ပိုမိုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့အကြောင်းမဲ့ထွက်ခွာစေခြင်းမပြုတော့ပဲ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွါမည်ဆိုပါက သက်ဆိုင်ရာ ကျေးရွာနှင့် ရပ်ကွက် စီမံအုပ် ချုပ်ရေး အဖွဲ့ရုံးမှ သွားလာခွင့်ကတ်ကို ထုတ်ယူ၍ သွားလာရမည်ဖြစ်ကြောင်း ဇူလိုင်လ(၁၆)ရက်နေ့က ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နေမျိုးလွင်