မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် သတ်မှတ်စည်းကမ်းများကို တိကျစွာလိုက်နာကြရန် အသံချဲ့စက်ဖြင့် အသိပေးလှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

မအီ ဇူလိုင် ၂၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်‌ပေါ်လာစေရန်အတွက် မအီမြို့၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော် မတီ၊ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာနေ ပြည်သူလူထုများ သိရှိလိုက်နာရမည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် သက်ဆိုင်ရာမှ ထုတ်ပြန်ထားသော အမိန့်များကို ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများအနှံ့ လှည့်လည်အသိပေး လှုံ့ဆော်ကြေညာခဲ့ကြသည်။

ယနေ့အထိ မအီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာမှာ တစ်ဦးသာ ရှိသော်လည်း မအီနှင့် ထိစပ်လျက်ရှိသော တောင်ကုတ်၊ တပ်တောင်၊ စနဲမြို့တို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ မြင့်တက်လျက်ရှိနေပြီး မအီမြို့မှာ လမ်းဆုံဖြစ်ကာ ဖြတ်သန်းသွားလာမှုရှိနေသဖြင့် သက်ဆိုင်ရာမှ ညွှန်ကြားချက်များ၊ အမိန့်များအတိုင်း ပြည်သူလူထုများက အထူးဂရုတစိုက် စနစ်တကျ လိုက်နာ ပေးကြရန်၊ ပူးပေါင်းပါဝင်ပေးကြရန် လိုအပ်ပါကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန်နှင့် လိုက်နာရန်ပျက်ကွက်သူများအား ဒဏ်ရိုက် အရေးယူ ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ဈေးရောင်း/ဈေးဝယ်များ၊ ခရီးသွားပြည်သူများ သိရှိစေရန် အသိပေးလှုံ့‌ဆော်ခြင်း၊ အသိပညာပေး ရှင်းလင်းပြောကြားခြင်း ဆောင်ရွက်ခဲ့ကြပြီး မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နှာခေါင်းစည်း(Mask)များ ကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။