ကျိုက်မရောမြို့နယ်တွင် မိုးများအဆက်မပြတ်သည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်အချို့ရေနစ်မြှုပ်လျက်ရှိ

ကျိုက်မရော     ဇူလိုင်    ၂၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဇူလိုင်လ၂၀ရက်နေ့မှစ၍ ယနေ့ထိ မိုးများအဆက်မပြတ် သည်းထန်စွာ ရွာသွန်းလျက်ရှိသဖြင့် အတ္ထရံမြစ်ရေ မြင့်တက်ကာ ချောင်းနှစ်ခွကျေးရွာ အနိမ့်ပိုင်းရှိ အိမ်ခြေတစ်ရာခန့် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာသည် ကျိုက်မရော ၊ ကြာအင်းဆိပ်ကြီးကားလမ်းမကြီးပေါ်၌ တည်ရှိပြီး အတ္ထရံမြစ်ကမ်းဘေးတွင် ကပ်လျက်ရှိသောကြောင့် နှစ်စဉ်မိုးများ၍ တောင်ကျရေစီးဆင်းချိန်နှင့် မြစ်ရေတက်ချိန် လပြည့်နေ့နှင့် လပြည့်ကျော်၂ရက်နေ့များတွင် မြစ်ရေကြီးတတ်​ခြင်း ၊မြစ်ကမ်းနှင့်နီးသော အနိမ့်ပိုင်းတွင်ရှိသောအိမ်များ နှစ်စဉ်ရေကြီးနှစ်မြှုပ်မှုဒဏ်ကို ခံနေရ​ပြီး၊ ယမန်နေ့မှစ၍ ယနေ့နံနက်ပိုင်းအချိန်ထိ အိမ်ခြေ (၁၀၀)ခန့်ရေများဝင်ရောက်လျက်ရှိသဖြင့် ကျေးရွာပြည်သူများအနေဖြင့် ကုန်းမြင့်ပိုင်းရှိနီးစပ်ရာဆွေမျိုးများထံ သွားရောက် ပြောင်းရွှေ့ နေထိုင်ကြပြီး၊ မိမိအိမ်ရှိပစ္စည်းများ၊ ကျွဲနွားတိရစ္ဆာန်များကိုလည်း ကုန်းမြင့်ပိုင်းများသို့ ပြောင်းရွှေ့နေကြကြောင်းသိရသည်။
အဆိုပါ ရေနစ်မြှုပ်ရာအိမ်ခြေ(၁၀၀)အတွက် လိုအပ်သည့်အကူအညီများကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပရဟိတအသင်းများက သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်း ချောင်းနှစ်ခွကျေးရွာတာဝန်ရှိသူတစ်ဦးထံမှသတင်းရရှိသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)