ပေါက်တောမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်အတွက် မြေသန့်မင်္ဂလာ အခမ်းအနားပြုလုပ်

ပေါက်တော ဇူလိုင် ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၌ မြိုနယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးတွင် အထောက်အကူပြုစေရန် Oxygen Plant ဖြစ်မြောက်ရေးကော်မတီမှ Oxygen Plant ဆောက်လုပ်မည့်မြေနေရာအား မြေသန့်မင်္ဂလာပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။

ဦးစွာ Oxygen Plant ဆောက်လုပ်မည့်မြေနေရာအား မြို့နယ်သံဃာနာယက အဖွဲ့ ဥက္ကဋ္ဌ ပေါက်တောမြို့နယ်၊ မနော်သီရိဆရာတော်နှင့် သံဃာတော်အရှင်သူမြတ် (၁၈)ပါးတို့က အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်ကြသည်။

ပေါက်တောမြို့နယ် အတွင်းအရေးပေါ်လူနာများအတွက်လိုအပ်သော အောက်ဆီဂျင်ကို အချိန်မီပေးနိုင်ရေးနှင့် အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း အောက်ဆီဂျင်ဖြစ်မြောက်ရေး ကော်မတီထံမှသိရသည်။

ပေါက်တောမြို့နယ်တွင် အောက်ဆီဂျင်ဖြစ်မြောက်ရေးကော်မတီကို အဖွဲ့ဝင်(၂၅)ဦးဖြင့်စတင် ဖွဲ့စည်းခဲ့ကြပြီး၊ ပေါက်တောမြို့နယ်ပြည်သူများနှင့် စေတနာရှင်များ၏ စုစုပေါင်းလှူဒါန်းငွေကျပ်မှာ ဇူလိုင်(၂၄)ရက်နေ့အထိ ငွေကျပ်သိန်းပေါင်း(၇၀၀)ကျော်ရရှိပြီဖြစ်ကြောင်းသိရသည်။ အဆိုပါ အောက်ဆီဂျင်စက်ရုံ၏ အကျယ်အဝန်းမှာ အလျား(၅၅)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၄)ပေဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး၊ စက်ရုံတည်ဆောက်ပြီးစီးပါက တစ်နေ့လျှင် အောက်ဆီဂျင် (၄၀)လီတာအိုး အလုံး (၆၀) မှ (၉၀) အထိထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးအတွက် စက်နှင့် အဆောက်အအုံ အပါအဝင်ကုန်ကျမည့် ငွေကျပ်သိန်းပေါင်း (၁၀၀၀)ကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း ကော်မတီဝင်တစ်ဦးထံမှ သိရသည်။ ပေါက်တောမြို့နယ်တွင် Oxygen Plant ကို လောကထိပ်ပန်ဘုရားကြီးအောက် မြေကွက်တွင် တည်ဆောက်သွားမည်ဖြစ် ကြောင်းသိရသည်။

တင်ထွန်း