ပဲခူး ဇူလိုင် ၂၅
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့ (၂၂)ဖွဲ့အား ထောက်ပံ့ငွေနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပရဟိတအလုပ်သည် လူတိုင်းလုပ်ကိုင်နိုင်ရန်ခက်ခဲပြီး အချိန်နှင့်ဘဝ ပေးဆပ်နေရသည့် သူရဲကောင်းများဖြစ်သည့်အပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ၌ ကျန်းမာရေးဝန်ထမ်းများနည်းတူ ရှေ့တန်းမှကာကွယ်နေရသည့် အသင်းအဖွဲ့များဖြစ်ကြောင်း၊ ပရဟိတသဘောသည် ပရ-အများ၊ ဟိတ-အကျိုးလို့ အနက်အဓိပ္ပာယ်ရသည့်အတွက် ပရဟိတ အသင်းအဖွဲ့များသည် အများအကျိုး၊ အများကောင်းကျိုး သယ်ပိုးထမ်းရွက်နေသူများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည် သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ ကပ်ရောဂါဘေးအမျိုးမျိုးတို့တွင် ပရဟိတအသင်း အဖွဲ့များ၏ လုပ်ဆောင်မှုကဏ္ဍသည် ရှေ့တန်းမှပါဝင်နေသည်ကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့ တိုင်းဒေသကြီး ကောင်စီအနေဖြင့် ပရဟိတအသင်းအဖွဲ့များကို မိသားစုများသဖွယ် အလေးအနက်ထားပါကြောင်း၊ ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီး အတွက် အရေးပေါ် လိုအပ်လျက်ရှိသော UK နိုင်ငံထုတ် တစ်ရက်လျှင် Oxygen (၄၀)လီတာအိုး အလုံးရေ(၆၀)ခန့် ထွက်ရှိသည့် Oxygen Plant အား ချက်ခြင်းတပ်ဆင်ပေးနိုင်ခဲ့ပြီး ထပ်မံ၍လည်း တစ်ရက်လျှင် Oxygen (၄၀)လီတာအိုး အလုံးရေ(၂၅၀)ခန့် ထွက်ရှိသည့် Oxygen Plant (၇)လုံးအား ဦးစားပေး မြို့နယ်အလိုက် တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း Oxygen လိုအပ်မှုကို အပြည့်အဝ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ် အတွင်းရှိ ပရဟိတအသင်းအဖွဲ့(၂၂)ဖွဲ့ကိုယ်စား မာတလိပရဟိတအသင်း ခေါင်းဆောင် ဦးဇင်လတ် အား PPE Level(1) (အဖြူ) ဝတ်စုံ(၉၀၀)စုံ၊ Mask (၁၀၀၀၀)ခု၊ PPE Level(2)(အပြာ) ဝတ်စုံ(၄၀၀၀)စုံ၊ ခြေစွတ် (၁၀၀၀)ခု၊ ခေါင်းစွတ်(၄၀၀၀)ခု၊ Hand Spary ဒါဇင်(၂၀)၊ Hand Gel (၁)ပေပါနှင့် ထောက်ပံ့ငွေ ကျပ်သိန်း(၁၁၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပရဟိတ အသင်းအဖွဲ့ တာဝန်ရှိသူများနှင့် ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ပဲခူးမြို့နယ်အတွင်းရှိ ပရဟိတ အသင်းအဖွဲ့ (၂၂)ဖွဲ့၊ လူဦးရေ(၂၀၀)ကျော်အား တရုတ်နိုင်ငံ ထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား စတင်ထိုးနှံပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များ လိုက်ပါလျက် ပဲခူးမြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးဝန်း အတွင်းရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ဆဲ Liquid Oxygen Plant တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က တင်ပြခဲ့ရာ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဇူလိုင်လ(၂၆)ရောက်နေ့တွင် Liquid Oxygen Storage Tank နှင့် ပိုက်လိုင်းများ ဆက်သွယ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သော အခက်အခဲများရှိပါက ချက်ခြင်းဖြည့်ဆည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် အခြားဆေးရုံများနှင့် ပြည်သူလူထုအတွက် လိုအပ်သော အောက်စီဂျင်များ ထုတ်လုပ်ပေးနိုင်ရေး Oxygen Filling Pump System အား တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး လုပ်ငန်းခွင်အတွင်း လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်