ဖျာပုံမြို့၌ကုတင်(၂၀၀)ဆံ့ ကိုဗစ်-၁၉ရောဂါကုသရေးယာယီဆေးရုံ လွှဲပြောင်းပေးအပ်

ဖျာပုံ ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဉီးဆောင်မှုဖြင့် မတည်အလှူရှင် ဦးမင်းမင်းမိသားစု၊ ဧရာဝတီသားဟေ့ ဆောက်လုပ်ရေး ကုမ္ပဏီမှ မတည်ဆောက်လုပ်သော ကုတင်(၂၀၀)ဆံ့ ကိုဗစ်-၁၉ ရောဂါကုသရေး ယာယီဆေးရုံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည်(၁)နာရီအချိန်က အဆိုပါယာယီ ဆေးကုသရေး ဆေးရုံအတွင်းကျင်းပသည်။

ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု များပြားလာခြင်းကြောင့် ခရိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးအထောက်အကူပြုကော်မတီတို့မှ ကုတင်(၂၀၀)ဆံ့ ကိုဗစ်-၁၉ ရောဂါကုသရေးယာယီ ဆေးရုံတည်ဆောက်ရန်အတွက်အလှူရှင် ဉီးမင်းမင်း (ဧရာဝတီသားဟေ့ဆောက်လုပ်ရေးကုမ္ပဏီ) မှမတည်အလှူ ငွေကျပ်(၄၇၅)သိန်း၊ မြို့နယ် ကျန်းမာရေး အထောက်အကူပြုကော်မတီမှငွေကျပ်(၂၀၀)သိန်း၊ကွယ်လွန်သူ ဉီးစိန်ဝင်းအား ရည်စူး၍ စိန်ဝင်းဆေးဆိုင်မိသားစုကငွေကျပ်(၅၇)သိန်း၊ဒေါ်မြင့်ရီမိသားစုမှငွေကျပ်(၁၀)သိန်း ၊ စုစုပေါင်း ငွေကျပ်(၇၂၄)သိန်းဖြင့် (၉-၇-၂၀၂၁) ရက်နေ့မှစတင်၍ ၁၄ ရက်အတွင်းအပြီး ဆောက်လုပ်ခဲ့ရာ(၂၃-၇-၂၀၂၁)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါကုသရေးယာယီဆေးရုံကြီးအားလွှဲပြောင်းပေးအပ်ရာ ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးအေးလွင်နှင့်အဖွဲ့ဝင်များထံသို့ ဧရာဝတီသား ဟေ့ ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူတို့က လွှဲပြောင်းပေးအပ်ပြီး အလှူရှင်များအား သက်ဆိုင်ရာ တာဝန်ရှိသူများကဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်းနှင့် ဖျာပုံမြို့ကိုဗစ်-၁၉ ရောဂါကုသရေးယာယီ ဆေးရုံသည် အလျား(၁၆၀)ပေ၊ အနံ(၆၀)ပေ၊ အမြင့်(၁၈)ပေသွပ်မိုး၊ ကျောက်ပြားကာ၊ သမံတလင်းခင်းတစ်ထပ်အဆောက်အဉီ ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းနိုင်