ပန်းတောင်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားလာသဖြင့် ပန်းတောင်းမြို့နယ်အတွင်းသို့ ကူးစက်ပြန့်ပွားမှု မရှိစေရေး ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပန်းတောင်း မြို့အဝင် နဝဒေးဂိတ်၊ ဥသျှစ်ပင်ဂိတ်တို့ ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစောမြင့်ဦးဆောင်၍ ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များ၊ ခရီးသွား ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါပိုးရှိသူများနှင့် ထိတွေ့မှုရှိ၊ မရှိမေးမြန်းခြင်း၊ ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ ပန်းတောင်းမြို့နယ်အတွင်း ဝင်ရောက်လာသူများအား လာရောက်သည့်ဒေသမှ ကျန်းမာရေးထောက်ခံချက်များ ပါရှိမှု ရှိ၊ မရှိစစ်ဆေးခြင်းလုပ်ငန်းတို့ကို နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပန်းတောင်းမြို့နယ်သို့ Stay at Home သတ်မှတ်ထားသည့်အတွက် အခြားမြို့နယ်များမှ ပြန်လည်ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်နေထိုင်နိုင်စေရန် ကန်သတ်စောင့်ကြည့်ရေးစင်တာ ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စီစဉ်ထားကြောင်း၊ သံသယလူနာများတွေ့ရှိပါက သက်ဆိုင်ရာကုသရေးစင်တာများသို့ လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့် အမျှ ထုတ်ပြန်ထားသော စည်းကမ်းများအား လိုက်နာရန်လိုအပ်ကြောင်းနှင့် ပြည်သူများအနေဖြင့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသိတရားဖြင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောခဲ့ကြောင်းသိရသည်။