ကံမမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်

ကံမ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း (Mask)တပ်ဆင်သည့် အလေ့အထ ဖြစ်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက် ၇ နာရီက ကံမမြို့၊ မြို့မဈေး၊ မြို့လယ် လူစည်ကားရာ လမ်းဆုံနှင့်မြို့အဝင်ဂိတ်တို့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။  

ထိုသို့ပြုလုပ်ရာတွင် ဈေးရောင်းဈေးဝယ်ပြည်သူများ၊ အကြောင်းအမျိုးမျိုးဖြင့် မြို့တွင်းမြို့ပြင် သွားလာ နေသူများ အနက်မှ Mask မပါသူ Mask မတပ်သူများကို အခမဲ့ ဖြန့်ဝေပေးပြီး စနစ်တကျ တပ်ဆင်ကြရန် ပညာပေး စည်းရုံးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တို့မှ  ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ကျော်ဇေယျဝင်း(ကံမ)