အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၅၉)ဦးထိရှိလာ

အုတ်ဖို ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်တက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၅၉)ဦးထိ ရှိနေပြီဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူများကို ဇွန်လ ၃၀ ရက်နေ့မှ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တွေ့ရှိ သူများတွင် ပညာရေး ဝန်ထမ်း(၅)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁)ဦး၊ မြေစာရင်းဝန်ထမ်း (၅)ဦး၊ ကျောင်းသား (၂)ဦးနှင့် လူမှုရေးအသင်းဝင်(၁)ဦး အပါအဝင် (၅၉)ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။ အုတ်ဖိုမြို့နယ်တွင် ရောဂါပိုးရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိကုသလျက်ရှိပြီး ထိစပ်သူ များကို သီတဂူစက္ခုဒါနဆေးရုံနှင့် အားကစားခန်းမတို့တွင် ကန့်သတ်ထားရှိပြီး ထိစပ်သူများလာပါက ကန့်သတ် ထားရှိရန် သာသနရက္ခိတ မှန်ကျောင်းကျောင်းတိုက် အမျိုးသားယောဂီဆောင်တွင် ထပ်မံပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း၊ မြို့တော်ခန်းမတွင်လည်း ဆက်လက်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်တာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)