ငါးသိုင်းချောင်း ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၅)ရက်နေ့၊ နံနက်ပိုင်းက မြို့ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့အဝင်ကြိုဆိုပါ၏လမ်းဆုံ၊ ငါးသိုင်းချောင်း-လေးမျက်နှာ-အိုင်သပြု လမ်းထိပ်နေရာများတွင် နေအိမ် ပြင်ပထွက်ခွာ တိုင်း (mask)ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင် ဆက်သွယ် သွားလာရေး စစ်ဆေးဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည် မြို့တွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချရေး လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ပြီး ဒေသခံပြည်သူ များ သို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်း များ၊ စည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်နိုင်စေရန် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရှိရသည်။
စိုးမင်းဦး