ငဖဲ ဇူလိုင် ၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး နှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ မြို့မိမြို့ဖများ၊ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်က ဌာနဆိုင်ရာများအနေဖြင့် မိမိတို့၏ ရုံးဌာနလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့် ဆောင်ရွက်ရန်၊ မိမိတို့၏ ရပ်ကွက်/ ကျေးရွာအတွင်း လူ ၅၀ ဦးထက်ပို၍ လူစုလူဝေးမပြုလုပ်ရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပေါ်စေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်၊ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုရန်၊ စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်၊ လက်ဆေးဘေစင် ထားရှိရန်၊ နှာခေါင်းစည်း (mask) တပ်ဆင်ရန်၊ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များ ကပ်နှံပြသထားရန်၊ ဈေးရောင်းဈေးဝယ်ပြည်သူများ နှင့် နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်း (mask) ကို မဖြစ်မနေတပ်ဆင်ကြရန် ၊ မော်တော်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့် ကိုဗစ်-၁၉ရောဂါလူနာတင်ယာဉ်များလိုအပ်လာပါက ဝိုင်းဝန်းကူညီပေးကြရန် ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထို့နောက်အစည်းအဝေးတက်ရောက်လာသူများက ကားဂိတ်များ၊ တည်းခိုခန်းများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆောင်ရွက်ရမည့် လုပ်ငန်းများ နှင့် ရောဂါဖြစ်ပွားမှုများပြားလာပါက ထားရှိမည့် နေရာများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြန်လည်၍ ညှိနှိုင်းပေါင်းစပ်ဖြေကြားပေးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)