အုတ်ဖို ဇူလိုင် ၂
ဒေသခံပြည်သူများ၏ သွားလာရေးပိုမိုလွယ်ကူချောမွေ့စေရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိုးညိုတန်းရပ်ကွက်၊ သီရိမင်္ဂလာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ ၈၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းမှာ ယခင်က နိမ့်ကျသည့်အပိုင်းများရှိပြီး ပျက်စီးနေသဖြင့် ဒေသခံပြည်သူများ၏ သွားလာရေး ပိုမိုလွယ်ကူချောမွေ့စေရန်အတွက် လမ်းအရှည် ၃၃၅ ပေ၊ အကျယ် ၁၀ ပေ၊ အမြင့် ၃ လက်မဖြင့် ခင်းကျင်းဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါလမ်းအားအသုံးပြုလျက်ရှိသည့် မိုးညိုတန်းရပ်ကွက်၊ ရွာမရပ်ကွက်မှ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျောင်းသား ကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရပြီး အဆိုပါလမ်းပေါ်တွင် ကျောင်းသားကျောင်းသူ(၄၈)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိသည့် အခြေခံပညာမူလတန်းကျောင်း(၁)ကျောင်း ရှိကြောင်းလည်း သိရသည်။
အောင်သူ