မင်းဘူး(စကု)မြို့နယ်တွင် နှံစားပြောင်းများ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း

မင်းဘူး ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မယ်ဘေ့ကုန်း ကျေးရွာတွင် နှံစားပြောင်း သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရာ လတ်တလော မိုးရွာသွန်းမှုများကြောင့် စိမ်းစိုလန်းဆန်းပြီး အပင်များ ဖွံ့ဖြိုးကြီးထွားလာကြောင်း မယ်ဘေ့ကုန်းကျေးရွာ နှံစားပြောင်းစိုက် တောင်သူများထံမှ သိရသည်။

အဆိုပါ နှံစားပြောင်း စိုက်ခင်းများကို ဧပြီ ၂၀ ရက်တွင် စတင်စိုက်ပျိုးပြီး၊ အစိုဓာတ်အနည်းငယ်ရှိ၍ အပင်များ ပေါက်လာသော်လည်း မိုးရွာသွန်းမှုမရှိဘဲ ပူပြင်းသော ရာသီဥတုကြောင့် ဝါကျင့်ကျင့်ဖြင့် အပင်အားမကောင်းဘဲ အခုရက်ပိုင်း မိုးဖြိုင်ဖြိုင် ရွာသွန်းလာပါမှ အရွက်များ စိမ်းစိုလန်းဆန်းကာ ဖွံ့ဖြိုး၍ အပင်အား ကောင်းလာတော့ သည်။ ယခင်က နှံစားပြောင်း ( ၁ ) တင်းလျှင် ၁၀၀၀၀ ကျပ် ဈေးရသော်လည်း၊ အခုနောက်ပိုင်း တွင် ဈေးနှုန်းများ ကျဆင်းသွားသဖြင့်၊ နှံစားပြောင်းစိုက် တောင်သူ နည်းပါးသွားကြပြီး နွားစာအဖြစ် စိုက်ပျိုးသူများသာ ရှိကြသည်။

" ဒီနှစ်မှာတော့ တောင်သူတွေ အနေနဲ့ သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း၊ ကျွန်တော်တို့အတွက် တွက်ခြေ ကိုက်မယ်ထင်တဲ့ သီးနှံတွေကတော့ ပဲကြီး၊ ပဲတီစိမ်း၊ မြေပဲတို့ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ အထွက်နှုန်း ကောင်းဖို့နဲ့ ဈေးကောင်းကောင်းရဖို့ မျှော်လင့်နေပါတယ်။ အခုကာလမှာတော့ အထိုက်အလျှောက် သီးနှံအထွက်နှုန်း လျော့ကျသွားပြီး၊ မိုးလည်း မှန်မယ်ဆိုလျှင်တော့ တောင်သူတွေ အနေနဲ့ အဆင်ပြေကြမှာပါ။ ယခု လတ်တလော ရွာသွန်းသော မိုးများကြောင့် မယ်ဘေ့ကုန်း အုပ်စုမှ တောင်သူများ မိုးသီးနှံ ဧက ၃၀၀ ကျော် စိုက်ပျိုးဖို့ ရှိပါတယ် '' ဟု မယ်ဘေ့ကုန်းအုပ်စု မိုးသီးနှံ နှံစားပြောင်းစိုက်တောင်သူ ဦးဝင်းဗိုလ်က ပြောကြားခဲ့သည်။

 ဇေယျာထက် (မင်းဘူး)