ပေါင်းတည်မြို့၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေး

ပေါင်းတည် ဇူလိုင် ၁


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ‌ပေါင်းတည်မြို့နယ်ရှိ စားသောက်ဆိုင်များနှင့် လက်ဘက် ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရောင်းချရေး အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်း လှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ဆိုင်အဝင်တွင် လက်သန့်ဆေးရည်၊ ဆပ်ပြာနှင့် ဘေစင်များစနစ်တကျ ထားရှိရေး၊ ပါးစပ် နှာခေါင်းစည်း Mask နှင့် Face Shield များတပ်ဆင်၍ စနစ်တကျ ရောင်းချရေး၊ စားသုံးသူများကိုလည်း ဆိုင်အဝင်၌ လက်သန့်စင် စေပြီး ကိုယ်အပူချိန်တိုင်းတာပေးကာ စနစ်တကျ Mask တပ်ဆင်စေပြီးမှ ဝင်ရောက်ခွင့်ပြု ရေး၊ ဆိုင်အတွင်းတစ်ဦးနှင့်တစ်ဦး သတ်မှတ် အကွာအဝေး၌သာ ဝယ်ယူစားသုံးနိုင်ရန် ဆောင်ရွက်ထားရှိရေး စသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေး စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရောင်းချရေးတို့ကို သက်ဆိုင်ရာ ဆိုင်ပိုင်ရှင် များ၊ ဆိုင်ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
 

ချစ်နှင်းသုန်