ကျိုက်လတ် ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ရွှေဧရာအောင် အားကစားခန်းမတွင် ယမန်နေ့ နေ့လယ်(၂)နာရီက ၂၀၂၁ ခုနှစ်၊ ကျိုက်လတ်မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP) အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် (၂၅) နှစ်အောက် အမျိုးသား ဖူဆယ် ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိန်မြင့်က အဖွင့်အမှာစကားပြောကြား၍ အားကစားပြိုင်ပွဲ အခမ်းအနား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ပိုက်ကျော် ခြင်းလုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားမှူး၊ နည်းပြနှင့် အသင်း အုပ်ချုပ်သူများ၊ အားကစားသမားများနှင့် ဘင်ခရာတပ်ဖွဲ့ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်