ပွင့်ဖြူ ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အတွက် ဆန္ဒမဲပေးနိုင်ရန်အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ဇူလိုင် ၂၅ ရက်မှ စတင်ကာ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာ ထားရှိရာ ဩဂုတ် ၈ ရက်နေ့အထိ မဲစာရင်း လာရောက်ကြည့်ရှုသူ ၄၆၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားမှုတွင် ဩဂုတ်လ (၈)ရက်နေ့ အထိ မဲစာရင်းတွင် မိမိအမည် မပါရှိ၍ ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၆၂၅)ဦး၊ မဲစာရင်းတွင် မိမိအမည် နှင့် အချက်အလက် မှားယွင်းနေ၍ ပုံစံ(၄ - ဂ) ဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသူ (၂၂၉၃) ဦးနှင့် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လျှောက်ထားသူ (၄၂၄)ဦး ရှိကြောင်း သိရကာ ပထမအကြိမ် အသိပေးကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်းများကို ပြည်သူများအားလုံး မဲစာရင်း တွင် ပါ၊ မပါ မဖြစ်မနေ လာရောက်ကြည့်ရှုနိုင်ရန်နှင့် ပိုမိုပြည့်စုံ တိကျမှန်ကန်သော မဲဆန္ဒရှင် စာရင်းများ ဖြစ်စေရေးအတွက် ဩဂုတ် ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၇)ရက်ထပ်တိုး၍ အသိပေးကပ်ထားကြေညာထားရှိမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်တဉ္ဇာစိုး ထံမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပွင့်ဖြူမြို့နယ်၌ ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင် စာရင်း ၁၃၂၀၀၀ ကျော်ရှိပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒ နယ်မြေ(၁)တွင် မဲရုံ(၈၆)ရုံ၊ မဲဆန္ဒနယ်မြေ(၂)တွင် မဲရုံ(၇၄)ရုံ၊ စုစုပေါင်း မဲရုံ ၁၆၀ စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)