မင်းတုန်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

မင်းတုန်း ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးအေးမင်းထွန်းက အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦးက စီမံကိန်းကျေးရွာ ရွေးချယ်မှုနှင့်ပတ်သက်၍ရှင်းလင်း ပြောကြားကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၏  ရည်ရွယ်ချက် နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရွေးချယ်ထားသော စီမံကိန်းကျေးရွာမှာ(၈)ရွာဖြစ်ပြီး အိမ်ခြေ(၁၀၁)နှင့်အထက်(၅)ရွာကို ကျပ်သိန်း (၃၀၀)၊ အိမ်ခြေ(၅၁)နှင့် (၁၀၀)ကြား (၂)ရွာကို ကျပ်သိန်း(၂၀၀)နှင့်အိမ်ခြေ(၅၀)အောက်(၁)ရွာကို ကျပ်သိန်း (၁၀၀) စုစုပေါင်းကျပ်သိန်း(၂၀၀၀)ကို တိုင်းဒေကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက အသီးသီးလွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များကိုယ်စား ကန်လည်ကျေးရွာမှ ကော်မတီဝင် ဦးရဲထွဋ်မိုးက လက်ခံရယူခဲ့သည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)သည် COVID-19 စီးပွားရေးကုစားမှု အစီအစဉ်ကို အထောက်အကူပြုစေရန်၊ လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးရရှိစေပြီး ရရှိသည့်ငွေကြေး အရင်းအနှီးဖြင့် မိသားစုဝင်ငွေ  တိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် နှင့် တိုးပွားလာသော ရန်ပုံငွေဖြင့် ကျေးရွာမှ ပိုင်ဆိုင် သော မတည်ရန်ပုံငွေ နှင့် စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိနိုင်စေရန် နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်း သိရှိရသည်။

 ချင်းကလေး(NRDC)