သထုံမြို့ လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး၌ ဝါတွင်းဓမ္မသဘင် ဆင်ယင်ကျင်းပ

သထုံ ဇူလိုင် ၂၉

မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးတွင် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဦးဆောင်၍ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝါတွင်း ဓမ္မသဘင် ပထမနေ့ကို ယနေ့(ဝါဆိုလပြည့်၊ဓမ္မစက်ြာအခါတော်နေ့) မွန်းလွဲပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ဒက္ခိဏဒီပံ ဓမ္မဗိမာန်တော်ကြီး၌ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

တရားသဘင်ဆင်ယင်ကျင်းပရာတွင် ‌စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ သထုံမြို့၊ မဟာနိဗ္ဗိန္ဒရတောရကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအရိယဝံသထံမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်ဟောကြားပြသသည့် တရားတော်များ အတူတကွ နာယူကြကာ လှူဖွယ်များဆက်ကပ်၍ ရေစက်သွန်ချအမျှဝေပေးခဲ့ကြသည်။

ရွှေစာရံစေတီတော်မြတ်ကြီးတွင် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှဦးဆောင်၍ ဝါတွင်းဓမ္မသဘင် များကို ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ အပတ်စဉ် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်နေ့ဖြစ်သည့် ဥပုသ်နေ့တိုင်း ဓမ္မသဘင်များကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ဓမ္မကထိက အရှင်သူမြတ် ၁၃ ပါးတို့က တရားဒေသနာတော်များကို ဟောကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်