ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မအူပင်မြို့ရှိ Land Marks ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

မအူပင် ဇူလိုင် ၂၄

၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပထမရက် (၁၀၀) စီမံချက်ကာလအတွင်း မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့မိမြို့ဖများ၊ မြို့နေပြည်သူများ ပူးပေါင်းဆောင်ရွက်သော​ “သာယာစိုပြေမအူပင်မြေ”၊ “We Love Maubin”၊ “စိတ်ထားဖြူစင် မအူပင်” Land Marks ဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တက်ရောက်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက မအူပင်မြို့ရှိ မြို့ရှောင်လမ်းနှင့် ဘုရားလမ်းဆုံရှိ "သာယာစိုပြေ မအူပင်မြေ"၊ မြို့ရှောင်လမ်းနှင့် ရေလဲလမ်းဆုံရှိ “We Love Maubin” နှင့် ရေလဲလမ်း၊ ဓမ္မနာဒရာဇမုနိ ဘုရားရှေ့ရှိ “စိတ်ထားဖြူစင် မအူပင်” Land Marks တို့အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မအူပင်​မြို့ ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား လိုက်လံတွေ့ဆုံအားပေးစကားပြောကြားကာ ဝေဒနါရှင်များအား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)