သထုံ ဇူလိုင် ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ရှမ်းရွာ အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ရှိသူများပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေးနှင့် လောင်းကစားကင်းစင်ပပျောက်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်မိုးက အွန်လိုင်းလောင်းကစားခြင်း၏ ဆိုးကျိုးများ၊ လောင်းကစားပြုလုပ်ခြင်းကြောင့် ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် မူးခင်းကျဆင်းရေးတို့ကို လည်းကောင်း၊ အမှတ်(၆၂) မူးယစ်တပ်ဖွဲ့စု(သထုံ)မှ ရဲအုပ် အောင်ဇော်ထိုက်က မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)မှ ဒုရဲအုပ် မြတ်သူရက ယာဥ်အန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောကြပြီး ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲသို့ နောင်ကုလားရှမ်းရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်တင်တင်ထွေးနှင့် ဆရာ/ဆရာမ များ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်