ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သော ပဲတီစိမ်း ၃၂၈၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ပဲတီစိမ်းသီးနှံ ၃၂၈၀ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်၌ ပဲတီစိမ်းသီးနှံ ၆၇၇၅ ဧကထိစိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါစိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများကို ဒေသခံတောင်သူများက ဇူလိုင်လမှစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၃၂၈၀ ဧကထိ ရိတ်သိမ်းပြီးစီးဖြစ်ကာ အထွက်နှုန်းမှာ တစ်ဧကလျှင် ၁၉ ဒသမ ၁၃ တင်း ထွက်ရှိကြောင်း သိရသည်။

"မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ပဲတီစိမ်းသီးနှံ ၆၇၇၅ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ပဲတီစိမ်းစိုက်ခင်းတွေကို ဇူလိုင်လကစပြီး ရိတ်သိမ်းခြွေလှေ့ခဲ့ရာ လက်ရှိမှာ ဧက ၃၂၈၀ ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ တစ်ဧကကို ၁၉ ဒသမ ၁၃ တင်း ထွက်ရှိပါတယ်။ ပဲတီစိမ်းသီးနှံ ရိတ်သိမ်းတာနဲ့ ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှုမဖြစ်အောင် အချိန်မီ စနစ်တကျရိတ်သိမ်းနိုင်ကြဖို့ တောင်သူတွေကို သီးနှံရိတ်သိမ်းနည်း အဆင့်ဆင့်ကို အသိပညာပေးတာတွေ ဆောင်ရွက်ပေးပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံ ပဲတီစိမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းကောင်းမွန်စေရန်နှင့် တိုးချဲ့စိုက်ပျိုးနိုင်ရန်ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ မြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျသုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီသီးနှံရိတ်သိမ်းနည်းပညာများစသည့် အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။  

ပဲတီစိမ်းသီးနှံသည် ဈေးကွက်ဝင်သီးနှံဖြစ်၍ အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရုံသာမက ပိုလျှံမှုကို ပြည်ပသို့တင်ပို့ရောင်းချနိုင်၍ သီးနှံဝင်ငွေတိုးပွားကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သောကြောင့် ပဲတီစိမ်းသီးနှံကို နှစ်စဉ် တိုးချဲ့စိုက်ပျိုးနိုင်အောင် ဒေသမရွေးကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )